အမြင်အာရုံကို အားဖြည့်ပေးမယ့် စူပါအစားအစာများ
မျက်စိဟာ ခန္ဓာကိုယ်ရဲ့ မရှိမဖြစ်အစိတ်အပိုင်းလို့ ပြောလို့ရပါတယ်။ အမြင်အာရုံချို့တဲ့လို့ အသက်မသေပေမယ့် သူတစ်ပါးကို အားကိုးရတာ၊ ကိုယ့်ကိုယ်ကို အားမရတာ၊ စိတ်ဓာတ်ကျတာ၊ မတော်တဆထိခိုက်မှုတွေ ဖြစ်နိုင်တာ စတဲ့ ကြီးမားတဲ့ ဘဝပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။
အမြင်အာရုံပြဿနာတွေဟာ မျက်စိက အာရုံစိုက်ရများတာ နဲ့ အသက်အရွယ်ကြီးရင့်လာတာကြောင့် အဖြစ်များပါတယ်။ ဒါတွေကို သက်သာစေဖို့၊ ကာကွယ်ဖို့အတွက် နေထိုင်စားသောက်မှုပုံစံကို ဂရုပြုရပါမယ်။ အမြင်အာရုံကို အားဖြည့်ပေးမယ့် အစားအစာတွေ ဂရုတစိုက်စားတဲ့အခါ မျက်စိပြဿနာတွေ လျော့နည်းပြီး အမြင်အာရုံတိုးတက်လာတာကို အံသြဖွယ် တွေ့ရမှာပါ။
အမြင်အာရုံ ကောင်းမွန်စေဖို့ ဘာတွေစားရမလဲဆိုရင်?
ငါး
အဆီများတဲ့ငါးတွေမှာ Omega 3 Fatty Acids ပါဝင်ပြီး မျက်လုံးခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ တူနာ၊ ဆာဒင်း၊ ဆယ်လ်မွန်၊ ပလာတူးနဲ့ ငါးသလောက်တို့လို ငါးတွေဟာ အဆီများပြီး Omega 3 Fatty Acids ကြွယ်ဝလို့ များများစားပါ။
အခွံမာသီးနဲ့ ပဲအမျိုးမျိုး
အခွံမာသီးနဲ့ ပဲတွေမှာ Omega 3 Fatty Acids ကြွယ်ဝသလို ဗိုက်တာမင် E လည်းပါဝင်လို့ အိုမင်းမှုကြောင့် ဖြစ်တဲ့ မျက်စိပြဿနာတွေကို လျော့နည်းစေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ မြေပဲ၊ ပဲနီလေး ပဲဝါလေး စတာတွေ မကြာခဏ စားပေးပါ။
အစေ့အဆန်များ
အစေ့အဆန်တွေဟာလည်း Omega 3 Fatty Acids ကြွယ်ဝတဲ့ အစားအစာပါ။ ခေတ်စားနေတဲ့ Chia Seeds နဲ့ Flax Seeds တို့ကို ဖြစ်နိုင်ရင် စားပေးပါ။
ချဥ်တဲ့အသီးများ
သံပုရာသီး၊ လိမ္မော်သီးနဲ့ ဂရိတ်ဖရုတို့လို ချဥ်တဲ့အသီးတွေမှာ ဗိုက်တာမင် C ကြွယ်ဝလို့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိပြဿနာတွေကို ကာကွယ်ပေးမှာပါ။
မုန်လာဥနီ
မုန်လာဥနီလေးမှာ ပါတဲ့ ဘီတာကယ်ရိုတင်း နဲ့ ဗိုက်တာမင် A လေးက အမြင်အာရုံတွေကို ကြည်လင်စေပါတယ်။
ကန်စွန်းဥ
ကန်စွန်းဥလေးမှာလည်း မုန်လာဥနီလို ဘီတာကယ်ရိုတင်းပါဝင်တဲ့အပြင် ဗိုက်တာမင် E နဲ့ Antioxidant တွေလည်း ပါဝင်ပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
စိမ်းစိမ်းစိုစိုတွေကို ကြည့်လည်းကြည့်၊ စားလည်းစားတာက မျက်စိကို ကောင်းသထက်ကောင်းစေမှာပါ။ အစိမ်းရောင်အရွက်တွေမှာ Antioxidants နဲ့ ဗိုက်တာမင် C အများကြီးပါလို့ ဟင်းနုနွယ်၊ ဆလပ်ရွက်နဲ့ အစိမ်းရောင်အရွက်တွေ စားနိုင်သမျှ များများစားပါ။
ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာပါတဲ့ Lutein နဲ့ Zeaxanthin ဓာတ်တွေက အိုမင်းမှုကြောင့် အမြင်အာရုံလျော့နည်းတာကို သက်သာစေပါတယ်။
အမဲသား
အမဲသားမှာပါတဲ့ ဇင့်ဓာတ်က အိုမင်းမှုကြောင့် အမြင်အာရုံလျော့နည်းတာနဲ့ macular degeneration ကို သက်သာစေပါတယ်။
ရေ
ရေများများသောက်ခြင်းက မျက်လုံးခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒီအစားအစာတွေ စားတာအပြင်
- မျက်စိလေ့ကျင့်ခန်းလုပ်တာ
- ဖုန်း၊ ကွန်ပြူတာတွေ သုံးစဥ် blue ray ကာကွယ်တဲ့ မျက်မှန်တပ်တာ
- အပြင်သွားရင် နေကာမျက်မှန်တပ်တာ
- ဆေးလိပ်ဖြတ်တာ
- ဆီးချိုတက်ရင် မျက်စိကွယ်နိုင်တာမို့ ပုံမှန်ဖြစ်အောင် ထိန်းတာ
- မိသားစုထဲမှာ မျက်စိရောဂါရှိဖူးရင် ပုံမှန်စမ်းသပ်စစ်ဆေးမှု လုပ်တာတွေက အမြင်အာရုံပြဿနာတွေကို လျော့နည်းစေပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်